Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, December 26, 2012

ပိုင်စိုးဝေရဲ့ကဗျာပါ

ဖူးပွင့်ခဲ့ပြီ

ထိုကာလများ၌လည်း
နေသည်အရှေ့မှထွက်၏
အနောက်ဘက်သို့ဝင်၏
ပန်းတို့သည် မွှေးကုန်၏
အခြေလေးချောင်းသတ္တဝါတို့
မြေကြီးပေါ်လေးဘက်တွား၍
ဦးခေါင်းလှည့်ရာအရပ်သို့ သွားကုန်၏။

နယူတန်ကို မမွေးဖွားမီက
ကြွေခဲ့ရသောသစ်သီးတို့အတွက်
ဤမဟာ ပထဝီမြေကြီးကိုသာ
ငါ အားနာမိတော့သည်။

ပန်းပွင့်ထဲဝင်ပုန်း
လမင်းကို ဆုံးရှုံးခဲ့ရပေါ့။

ဆီးနှင်းတို့ပျော်ကျနေဆဲ
လက်ဆွဲနှုတ်ဆက်
တစ်ဝက်သောအပြုံးကိုသာ
သင်တို့အား ငါပေးဝေခဲ့။

နီတိ
ရာဇဝင်
ပုံပြင်များစွာကို ကျက်မှတ်
အသက်ရှူခြင်းအတတ်ကို သင်ယူခဲ့ပြီးပြီ
လမ်းမပေါ် တွေ့ကြတဲ့အခါ
ငါ ..ကဗျာဆရာပဲ…အေ့..
(ရယ်မောခြင်းသည်းခံပါ)

ဘဝအား
အကုသိုလ်၏ အကျိုးတရားများအဖြစ်
အဓိပ္ပာယ်ဖွင့်သောအခါ
ဝေဒနာမြစ်သည်
အဟုန်ပြင်းစွာ စီးဆင်းခဲ့လေပြီ။

မိန်းကလေးရေ..
ပန်းရိုင်းတွေက မြေကြီးပေါ်မှာဖူးပွင့်လို့
ငှက်ကလေးတွေ
လေထဲမှာ ပျံသန်းလို့
အဝေးကြီး
ဟိုး…အဝေးကြီးကရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘဝတစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဘူးကွယ်။

နှလုံးသားကို ယုံကြည်ခဲ့တယ်
ပြီးတော့…လူတွေကိုလည်း ငါချစ်ခဲ့တယ်
ဂန္တဝင်ဟန်ကို
တောင်ထိပ်ပေါ်က ခေါ်သံတစ်ခုလို
ငါ ရယ်မောပစ်ခဲ့ပေါ့ ။

ညီမလေးရေ…..
ညီမလေးရေ…ညီမလေးရေ….
ကျုံးနံဘေးမြက်ခင်းပြင်ပေါ် အန်ချ
အဲဒါ တစ်ဘဝလုံးပဲဟေ့။

မိမိအသည်းနှလုံးရဲ့
စိတ်ချရလောက်တဲ့ လုံခြုံမှုထဲမှာ
လူတိုင်းဟာ ငိုကြွေးနိုင်ခွင့် ရှိတယ်မဟုတ်လား။

ဘဝတာဝန်တဲ့လား
လာမယ့် အနာဂါတ်တိုင်းရဲ့
အထီးကျန် ပါရမီရှင်တိုင်းအတွက်
ငါ့နှလုံးသား အပိုင်းအစတစ်ခု
မိုးကောင်းကင်မှာ ထုဆစ်ခဲ့မယ်။

မနက်ဖြန်မနက်
လမ်းမဘက် မျှော်ကြည့်လိုက်တဲ့အခါ
ဒီကနေ့ ဆိုတာကို ရှာလို့တွေ့မှာ မဟုတ်တော့ဘူး။

အချိန်ဆိုတာ
ကမ်းပါးမရှိတဲ့ မြစ်တစ်စင်းပါပဲ။

နှလုံးသားမှာ
ပန်းပွင့်များစွာ စိုက်ပျိုးခဲ့၏
ဦးထိပ်ထက်၌
တရားအသစ် ဖူးပွင့်ခဲ့ပြီ။ ။

စပယ်ဖြူမဂ္ဂဇင်း
ဇွန်၊ ၁၉၈၆

အနုပညာ မှော်ဝင်စားမှု

                          တာရာမင်းဝေ

ကြေးနီရောင်သင်းတဲ့
မြားကျိုးတစ်စင်း ထိမှန်ထားတယ်။

လက်ဖ၀ါးခြေဖ၀ါးမှာ
အမေ ၀တ်ပေးခဲ့တဲ့ အရေခွံတွေ ကျွတ်ကွာကျ
ပန်းရောင်ပျပျကလေး ရှင်းပလာ..။

တကယ်တော့
မြို့ပျက်တစ်ခုပါပဲ
ဒါပေမယ့်.. ဗျတ်စောင်းတစ်လက်ရှိနေလို့
ကိုယ်...ချိုနေမိတယ်။

တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့ဗုံသံ

ခြင်္သေ့

                               အောင်ဝေး


တောသုံးတောင်သို့အ၀င်မှာ
ခြင်္သေ့ဟာ
သမင်မမျက်လုံးကို
ပခုံးပေါ်ပစ်တင်လိုက်တယ်။

 
ဒီကောင်လွမ်းခဲ့ပါတယ်
ညီမလေးရယ်။

ငါ့နှလုံးသားမှာ
ပန်းများဝေဖူး
ဒီနွေဦးဟာ
မင်းခူးယူဖို့ပါ။

 
ကန္တာရမဆန်ပါဘူး
ငါ ဒဏ်ရာရခဲ့တာပါ။

ညညတွေမှာ
မျက်ရည်နဲ့ငါ့ကိုသိပ်လေ
မြေ၀သုန်ရေ…
လင်းယုန်ငှက်တွေ
ငါဂုဏ်ပြုပါရဲ့။

 
ကောင်းကင်အိပ်ယာမှာ
ငါမအိပ်ချင်ပါဘူး။

လရောင်တွေကို
ငါမမေ့ချင်ပါဘူး။

 
ကမ္ဘာပေါ်မှာ
မြစ်တွေရဲ့ခေါ်သံ
ငါကြားနေရဦးမယ်။

 
ကွဲကြေတဲ့အပြုံးများသာ
နောက်ဆုံးကဗျာတစ်ပုဒ်
ချစ်သူဖတ်ဖို့ဟုတ်ပေလိမ့်မယ်။

 
ရာဇ၀င်အုတ်ဂူမှာ
မြှုပ်ကူသူမရှိ
လွမ်းသူ့ပန်းခွေချမယ့်လူမရှိ
ညီမလေးရယ်…
မရှိခြင်းတွေပဲ
ဒီကောင့်ဘ၀လေ။

 
ဗျာပါဒနှင်းဆီရေ
နေရစ်ပေတော့။

 
ပြီးပါပြီ -
ဆည်းဆာရီမှောင်
အနောက်တောင်မှာ
ဒီကောင်
ခြင်္သေ့ယောင်ဆောင်တဲ့တိမ်တွေ
တစ်ညနေလုံးထိုင်ကြည့်ခဲ့တယ်။

 
အောင်ဝေး
 

ဟန်သစ်မဂ္ဂဇင်း ဇွန်လ ၁၉၉၄

**မူရင်းလင့်  https://sites.google.com/site/poetmyatwai/tlkb/--24

အထက်တန်းကျတဲ့ရေ

                                             မောင်ချောနွယ်


အနုပညာ ‘နွေဦး’ ပေါက်ရာသီကို မညာချင်ဘူး။
လှိုင်းပုတ်ခံ ကျောက်ဆောင်ကို မညာချင်ဘူး။
အဆုတ်ရဲ့အလုပ်ကို မညာချင်ဘူး။
သစ်သီးတလုံး သီးတိုင်း သင်တို့အတွက် ဖြစ်တယ်။
ပန်းတပွင့် ပွင့်တိုင်း သင်တို့အတွက် ဖြစ်တယ်။

မောင်ချောနွယ်
အေဒီ ၁၉၈၈
မတ်လ ၁၃ ရက်
သီရိခေတ္တရာမြို့

အချစ်ရေ ...
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျန်းမာရေးအတွက်
လက်ဖက်ရည်တခွက်သာ
သစ္စာရှိပါစေတော့
ဆာဟာရကို
အာဟာရလို့ ထင်တယ်။

(၁)

အဲဒီလိုနဲ့
မပျော်ရွှင်တဲ့ ကော်ဖီတခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီ။

အဲဒီလိုနဲ့
အချစ်ရေး အဆင်မပြေတဲ့
အခန်းထဲက ကြေးမီးခြစ်ကြီးအတွက်လည်း
သစ်သီးအချိုတွေ ယူဆောင်လာခဲ့ပြီ။

အဲဒီလိုနဲ့
ရူးသွပ်နေတဲ့ နွေဦးအတွက်လည်း
အိပ်မက်လှလှတစုံ
လုံခြုံစွာ ပေးပို့ပြီးပြီ။

အဲဒီလိုနဲ့
ခရီးထွက်သွားတဲ့
စီးကရက်များနဲ့လည်း
စာအမြန် ဆက်သွယ်ခဲ့ပြီ။

အဲဒီလိုနဲ့
လေက ခြွေချသွားတဲ့
သေချာမှုတွေအတွက်
သီချင်းလက်ဆောင်ပို့ခဲ့ပြီ။

အဲဒီလိုနဲ့
နှင်းမရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တခုပေးခဲ့ပြီ။

အဲဒီလိုနဲ့
ဘ၀အတွက်
ဇလဗေဒအချက်အလက်တွေလည်း
ဆက်လက်စုဆောင်းခဲ့ပြီ။

မေမေရေ ...
မြစ်တွေကို ကျနော်စီးခဲ့ပေါ့။

(၂)

အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။

အပူ အအေး လေ မိုး
အခိုးအငွေ့ အရွေ့
အတွေ့အကြုံ အမှုန်အမွှား
အားလုံးကို စားသုံးခဲ့ဖူး
ရူးသွပ်စွာ ခူးဆွတ်ခဲ့ဖူး
နူးညွတ်စွာလည်း စွန့်လွှတ်ခဲ့ဖူးပြီ။

ရန်အထွေထွေကြောင့်
ဌာန်ကြွေခဲ့ပြီ။

ရန်အပေါင်းပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။

ဘေးဥပါဒ်အထွေထွေကြောင့်
အသက်ဓာတ်လည်း
ပိုလတ်ဆတ်ခဲ့ပြီ။

လူဆိုတာ ဓာတ်လိုအပ်တာပဲ
အရှုံးအမြတ်
အမုန်းနဲ့ မေတ္တာဓာတ်
အဖိုဓာတ် အမဓာတ်
လူတွေမှာ
ပင်ကိုအရပင် လိုအပ်ခဲ့တာမဟုတ်လား
ကျောက ဒဏ်ရာကို
လောကတံထွာလို့မှတ်
စာတအုပ်လို
အသာထုတ်ဖတ်သွားရုံပါလေ။

အဲဒီလိုနဲ့
ရေချိုးချင်တဲ့ မိုးရတုအတွက်
ရုပ်ရှင်လက်မှတ်တစောင်ပးခဲ့ပြီ။

အဲဒီလိုနဲ့
ကော်ဖီသောက်တတ်တဲ့
ကြောက်ရွံ့မှုများအတွက်လည်း
ဘရန်ဒီတခွက်ဝယ်ခဲ့ပြီ။

အဲဒီလိုနဲ့
ချစ်သူရဲ့အနမ်းတွေဖို့
လမ်းဖောက်ပေးခဲ့ပြီ။

အဲဒီလိုနဲ့
ဒဏ်ရာရခဲ့တဲ့
ကန္တာရနှစ်များနဲ့လည်း
သစ္စာထားခဲ့ပြီ။

အဲဒီလိုနဲ့
အမှန်တရားကိုလည်း
ထမင်းစားဖိတ်ခဲ့ပြီ။

အဲဒီလိုနဲ့
နေကြာပွင့်တွေကိုလည်း
နေသာခွင့်ပေးလိုက်ပြီ။

အဲဒီလိုနဲ့
အဆုတ်နဲ့ မိတ်ဖွဲ့ခဲ့တဲ့
အိပ်မက်တွေကိုလည်း
ဘိလပ်ရည် တိုက်ခဲ့ပြီ။

အဲဒီလိုနဲ့
လူ့နယ်ပယ်ရဲ့
အနည်အနှစ်များအတွက်လည်း
အထည်အသစ်အဆန်းတွေ
လက်ကမ်းခဲ့ပြီ။

အဲဒီလိုနဲ့
လွတ်လပ်ရေးကဗျာအတွက်
မြေတကွက် ထွန်ယက်ပြီးခဲ့ပြီ။

ရန်သူမဲ့ဘ၀မှာလည်း
ငါ ကျနော် မပျော်တော့ပါ
ချစ်သူမဲ့ဘ၀မှာလည်း
ငါ ကျနော် မနေတတ်တော့ပါ
ပိုလျှံသောရေ
ပရိုတိန်းအစအန အလေအလွင့်
စံလွန်ဖိအားအဆင့်ဆင့်ဖြင့်
ငါ့အသက်ရှုပွင့်များ
ကောင်းမွန်ခိုင်ခံ့စွာပင်
ရင်မောခဲ့ပြီ။

အဲဒီလိုနဲ့
လူ့ဘ၀ကို ‘ယုဇနပင်’ လေးမှာ အသာချိတ်
‘ဒူးယား’ တလိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။

အဲဒီလိုနဲ့
ဘ၀ရဲ့ဝန်ဆောင်အား
လောကကြီးကို
ဥယျာဉ်အသွင် တင်ဆောင်သွားနိုင်ပြီ။

အဲဒီလိုနဲ့
အလိုမပြည့်မှုကို
ငါ အလိုရှိခဲ့ပြီ။

အဲဒီလိုနဲ့
နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့။

အချစ်ရေ ...
ကန်ရေထဲကို ကိုင်းနေတဲ့
ကံ့ကော်ကိုင်းတကိုင်းလို နေတတ်ခဲ့ပြီ။

အဲဒီလိုနဲ့
‘ချိုပေါ့ကျ’ လက်ဖက်ရည်တခွက်လို
အသက်ရှင်တတ်ခဲ့ပြီ။

အဲဒီလိုနဲ့
ဘ၀ရဲ့ဒဏ်ခံအား
ဂုဏ်သတ္တိတွေ မြင့်မားခဲ့ပြီ။

အဲဒီလိုနဲ့
စံပယ်တပွင့်လို
တကယ်ပွင့်မယ်ဆိုရင်
တင့်တယ်စွာ ပွင့်နိုင်ခဲ့ပြီ။

အဲဒီလိုနဲ့
အရသာချဉ်စူးစူး
ဆူးဖက်သော်လည်း ခူးရက်စရာမမြင်တဲ့
ဆူးပင်တပင်လို
ယဉ်ကျေးစွာ ငါနေတတ်ခဲ့ပြီ။

အို ...
ငါအိပ်ခဲ့သော အိပ်မက်တို့
ငါရိပ်ခဲ့သော အရိပ်တို့
ငါမျှားခဲ့သော ငါးကို ငါ စားခဲ့ရချေပြီ။

အဲဒီလိုနဲ့
ကြုံသမျှ ဖုန်မထတော့ပါ
ဘ၀ကို အရသာတစိမ့်စိမ့်
ပင်လယ်စင်ရော်တွေလို
ပျော်ရွှင်စွာ ပျံဝဲနိုင်ခဲ့ပြီ။

အဲဒီလိုနဲ့
အသက်သုံးဆယ့်တစ်ဆိုတဲ့ ခွက်တစ်ခုမှာ
လူ့နယ်ပယ်ရဲ့ ထုထည်တွေ
‘ကယ်လိုရီ’ တွေ ဖြစ်ခဲ့ပြီ။

ရေထု မြေထု လေထုနဲ့ သေမှုတွေကြား
မယားတရားနဲ့ ဆားခတ်လို့ စားတော့
နေမှုက
ပါးလှပ် ထူထပ် လှပလှချည်ရဲ့
ငါတပ်မက်ခဲ့ချေပြီ။

အချစ်ရေ ...
လူတွေက
‘တူ’ တံဆိပ်ထောပတ်ကိုလည်း
ကိုးကွယ်ကြတယ်။

ဘ၀လမ်းခရီးဟာ
ဝမ်းမီးနဲ့ ပြီးရမှာလား
ငှက်ဆိတ်တဲ့ သစ်စည်းတစည်းမှာတောင်
အဓိပ္ပာယ်တွေ သိပ်သည်းခဲ့ပါတယ်။

အဲဒီလိုနဲ့
နေညိုချိန် ‘ဘား’ ကလေးမှာ
ဘ၀ကို ခပ်ပါးပါးလှီးရင်း
ကမ္ဘာလောကကြီးကိုလည်း
အရက်နဲ့ မြည်းတတ်ခဲ့ပြီ။

အဲဒီလိုနဲ့
အချိုရှာ တမာတွေ့သော်လည်း
‘ပိုကာ’ မပါဘဲ ဒေါင်းတတ်ခဲ့ပြီ။

အဲဒီလိုနဲ့
အငိုအရယ် ဇာတ်တွေကြား
ချို ချဉ် ငန် စပ်
အရသာဓာတ်တွေကြား
ဘ၀ကို အမြတ်တနိုး ထမ်းပိုးခဲ့ပြီ။

အဲဒီလိုနဲ့
အဲလ်ဘတ်ကမူးနဲ့ ခြူးဆေးလိပ်ကို ဖွာရင်း
ဆိုးရွားတဲ့ ရာသီဥတုကိုလည်း
ကဗျာနဲ့ ပြုပြင်တတ်ခဲ့ပြီ။

အဲဒီလိုနဲ့
အထူးထူး အပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန် သိခဲ့ပြီ။

အဲဒီလိုနဲ့
နေ့များရဲ့ အစိုအခြောက်
ရွှေသွားနဲ့ နွေပိတောက်ကို
အပျိုပေါက်လို ငြိခဲ့ပြီ။

အဲဒီလိုနဲ့
ဟောဒီ အိုဇုန်းဓာတ်အလွှာထဲမှာ
ကျနော်ကြိုက်တဲ့ ရွှေမင်းသမီးကလည်း
ဟိုတုန်းကလိုပါပဲ
အနုပညာစံပယ်ပြုံးတွေနဲ့။

သူငယ်ချင်းရေ ...
ကိုယ့်လူတို့ရေ ...
ကမ္ဘာကြီးရေ ...
လက်ဖက်ရည်တခွက်မျှပင်
တည်ခင်းဧည့်မခံနိုင်သော
အမှန်တရားထံ လာလည်ပါ။ ။

မောင်ချောနွယ်


**http://www.searchmyanmar.com/link/frame/cid/16304/domain/drlunswe.blogspot.co.uk

ကိုက်လမ်း


                                    မောင်ချောနွယ်

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။

ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ ။

မောင်ချောနွယ်

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ ...)

**မူရင်းလင့်   http://www.searchmyanmar.com/link/frame/cid/16304/domain/drlunswe.blogspot.co.uk 

တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး


                                             မောင်ချောနွယ်


(၁)

ကျွမ်းကျင်လွန်းလှတဲ့ ဝက်သတ်သမား
နံကြားက လှံကို ဆွဲအနှုတ်
အဲဒီနှုတ်ချက်ဟာ အသက်ပါလှချည်ရဲ့
မင်းကလေးအကြည့်
ဒီက တညလုံး မအိပ်ခဲ့ရတဲ့ ညပါကွယ်။

ခုတော့
မြင်းတွေ မြင်းပေါက်စတွေ
အကောင်တရာလောက်
ငါ့ရင်အုံကြီးထဲကနေ
ကဆုန်ပေါက်ခုန်ထွက်
ငါ့နှလုံးသားခမျာ ဖုန်ပူပူထဲလဲကျ
လူးလဲထ
အဲသည် ဒရယ်မျက်လုံးလဲ့လဲ့ကလေးကိုလေ
တထောင့်ထဲ စုကပ်ပြီး မကြည့်လိုက်ပါနဲ့
ဧရာဝတီတမြစ်လုံး
ငါသောက်မိပါလိမ့်မယ်ကွယ် ...။

(၂)

လာပြီ
မောင်းပြန်ဓားခလုတ်ကို နှိပ်လိုက်သလို
ထပ်ခနဲ
မြည့်နေတဲ့ အကြည့်
ငါ့ရင်ခေါင်းကြီးထဲ
အောင့်ကနဲ ပူကနဲ
ငုံထားမိ ချောကလက်
ရာဘာတုံးကြီးဖြစ်သွား
အသာကလေး အသက်ရှူအောင့်ထားခိုက်
နောက်ထပ်ဓားရောင် လက်ကနဲ
ဒင်းကလေး မျက်လုံးတချက်
သတိ
ကင်မရာခလုတ်ကို နှိပ်ချဖို့ မမေ့နဲ့
လက်ကနဲ ဝင်းပ
ဖလက်ရှ်ဂန်း ကျွမ်းသွား
ဒီမှာ
အလိုလိုနေရင်း သကြားတွေ
အရည်ပျော်ကုန်ရပါပြီကွယ်။

သည်မှာ
တို့ဆေးနဲ့ တို့ခံလိုက်ရသလို
မတ်တတ်ကြီး
ဝိုက်လက်သီးတွေ မေးရိုးပေါ်
ဆင့်ဆင့်ဝင်လာ
ဖျောက်ကနဲ
မှောက်သွားရပါပြီကွယ်
‘ဒိုင်း’ ကနဲ မိုးပေါ်ပျံတက်
‘ဒိုင်း’ ကနဲ ချောက်ထဲပြုတ်ကျ
မြေကြီးနဲ့ မထိခင် ပြန်ထိလုလုမှာ
ကြက်သွန်ခင်းပေါ် လူးလိမ့်ပေးလိုက်ရ
အို ... အိစက်ညက်ညော
ငါဟာ
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးပါကွယ်။

ခုတော့
ဓားရေးကျွမ်းသူ ဓားသမား
လျှပ်လက်သလို ဓားစွမ်းစွမ်းနဲ့
ခုတ်ချ
ထက်ပိုင်းပြတ်ကျသွားတာမှန်ပေမယ့်
လဲကျဖို့ မေ့ခဲ့သူ
ငှက်ပျောပင်တပင်ဖြစ်ခဲ့ရပါပြီကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ဟောဒီ ငါ့ရင်အုံကြီး
ကုန်ကုန်ခမ်းခမ်းပါကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား .....
ငါ့မှာ
ပေါင်မုန့်ဝယ်သွားရင်း ပေါင်မုန့်ဖြစ်
ငါ့မှာ
လက်ဖက်ရည်ဝယ်သွားရင်း
လက်ဖက်ရည်ဖြစ်ရပေါ့ ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ငါ့မှာ
“လယ်ထွန်သွား နွားမေ့” ဆိုစကား
ဘယ်ကလိမ့်မလဲ
နွားကို ငေါက်မယ့် ကိုယ့်အသံကိုယ်တောင်
သည်မှာ မေ့ကျန်မယ့်ကောင်ပါကွယ် ...။

အသက်ရှူမဝသလိုလို
အပမီလိုက်သလိုလို
အိုကွယ်
တိမ်တွေအားလုံး ငါ့ကိုယ်ပေါ်
ပြိုကျသလိုလိုပါကွယ်
အချစ်ကလေးရယ်
ငါ့လည်ပင်းကြီးကို ခင်းပေးလိုက်ပါ့မယ်ကွယ်
မင်းရဲ့ခြေထောက်အလှကလေးတစုံနဲ့
နင်းလျှောက်လိုက်ပါတော့
အဲဒီအချိန် ...။

ငါ့ ခပ်မျှဉ်းမျှဉ်း အသက်ရှူသံလေးကအစ
မင်းကို ချစ်နေမိပါပြီကွယ်
သူများ မိန်းကလေးတွေ မတတ်စွမ်းဘူး
လျှပ်တစ်ပြက်မင့်အပြုံး
ဝတ်မှုန်ကူး
အတိအကျ အပိုင်ပြုံးချက်တွေ
ရှောင်တခင်ပြုံးချလိုက်တဲ့
အပိုင်ပြုံးချက်တွေ
အဲဒါက ... ကွန်တဲ့လား
ဟောသည်က
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးက
ကွန်ထဲက ငါးပေါ့
ချစ်တယ်ကွယ် ...။

လက်ကလေးကို ဝှေ့ရမ်းပြီး
တယ်လီဖုန်း နီနီရဲရဲလေးကို
စွေ့ကနဲ ဖမ်းကိုင်လိုက်ပုံဟာလေ
လှလွန်း၊ လှပြီးရင်းလှလွန်း
ချစ်တယ်ကွယ် ...။

သက္ကလပ်ဦးထုပ်အညိုကလေး ခပ်စွေစွေဆောင်းလို့
မထေမဲ့မြင်ဟန် မျက်နှာရစ်သမ်လေးနဲ့
ပခုံးသားကို လှိုင်းကြက်ခွပ်တွေ တွန့်သလို
တွန့်တွန့်ပြီး စကားပြောတတ်တဲ့
မင့်ကိုယ်ဟန်အထည်ကလေး
ငုံထားပစ်လိုက်ချင်တော့တာပဲ
ချစ်တယ်ကွယ် ...။

ဆောင်းဦးပေါက် ခွေးပေါက်စလေးတွေ
နို့ဆာလို့ ချမ်းလို့
တအိုင်အိုင်
မင်းကလေးကို မမြင်ရရင်လေ
(ဆောင်းဦးပေါက် ခွေးပေါက်စလေးတွေလို)
ငါ့မလည်း တအိုင်အိုင်ရယ်ပါ
ချစ်တယ်ကွယ် …။

အလကားနေရင်း
သွားတိုက်ဆေးကို ဖျစ်ဖျစ်နေတော့တာပဲ
ချစ်တယ်ကွယ် ...။

တက်သစ်စ ကျွန်းကလေးလို အုံ့ဆိုင်းဝေဆာ
မို့မောက်ဖောင်းကားနေ မင်းကိုယ်လုံးကလေးမှာ
အပျိုစင်သွေးကလေးတွေ
ပတ္တမြားရည်လို
တဖျပ်ဖျပ် စီးလည်နေတာ
အဲဒါကလေးကိုလည်း
သည်က
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးက
ချစ်တယ်ကွယ် ...။

မင်းရယ်လိုက်တော့
လီမွန်ဘာလီရည် သောက်လိုက်ရသလိုပဲ
ချစ်တယ်ကွယ် ...။

အမေရေ ...
သင်းကလေးရဲ့ လှဂုဏ်ရည်ကြောင့်ရယ်
မနေနိုင်တဲ့ သားရင်အုံကြီးကြောင့်ရယ်
ချစ်မိတယ် ...
မိချောင်းကျောက်ခက်ပန်းရုံလို
မင့်ဆံပင်အုံကလေး
အမွှေးဖွားဖွား ရှဥ့်ကလေးများ
သစ်ရွက်သစ်ခက်ပေါ် ဆော့ကစားသလို
မင့်လည်တိုင်ပေါ် လှုပ်ရှားလို့
ချစ်တယ်ကွယ် ...။

ဂျွိုင်းဂျက်ကက်ကလေးနဲ့
တောရိုင်းပန်းပွင့်လိုဟန်နဲ့
စက်ဘီးပေါ် မင့်ကိုယ်ထည်ကလေး
ဝေ့ကနဲ ဝဲပျံတက်လိုက်တာများ
ငါ့တကိုယ်လုံး
သုံးသိန်းထီတွေ ပေါက်ကုန်ရပါပြီ
ချစ်တယ်ကွယ် ...။

တလုံးချင်း ခုတ်မောင်းနေတယ်
တလုံးချင်း
တလုံးချင်း
ခုတ်မောင်းနေတယ်
မင့်ရင်အုံ မင့်တင်သားတွေ
တလုံးချင်း ခုတ်မောင်းနေတယ် ...
ဟောသည်ကမ္ဘာကြီးပေါ်မယ်
ဘယ်လိုမြစ်တွေက ရေစီးကြမ်းသတဲ့လဲ
ငါ ထမ်းရ ထမ်းရပါကွယ်
မင်းကိုချစ်တယ် ...။

ငါလာမယ်
မင့်ချစ်ဝတ်မှုန်အိမ်ကလေးဆီ
အဲဒီ ကျောက်ကျောတုံတုံကလေးလို
မင့်နှုတ်ခမ်းသားတုံတုံကလေးဆီ
မင့်ကိုချစ်တယ် ...။

အသည်းနှလုံးကို ခလုတ်တိုက်
မင်းကလေး
အား ...
ပင်နယ်ဆလင် အလုံးတရာ ထိုးထားသလို
နာလှချည်ရဲ့ ...
မင့်နာမည်ကလေး ခေါ်နေလိုက်လို့
ငါ့မှာလေ
ရထားမမီ ကားမမီ
လေယာဉ်ပျံမမီ
သေခြင်းတရားမမီ
မမီဘူး
ဘာမှမမီတော့ပါဘူးကွယ် ...။

အကျင့်မရှိဘဲ ဝိတ်မပြီး နောက်တနေ့
တကိုယ်လုံး နာကျင်ကျန်ရစ်သူလို
တဘဝလုံး ...။

ယူပါကွယ်
လည်ဆွဲမဟုတ်ဘူး
ပုတီးကုံးကလေးမဟုတ်ဘူး
ဆွဲခြင်းကလေး
ငါ့အသည်းနှလုံးကို ထည့်ဆွဲသွားဖို့
ဆွဲခြင်းကလေးပဲ
ယူသွားပါကွယ် ...။

ကမ္ဘာကြီးရေ ...
ကျနော်လည်း မှားတော့မယ်
သူ့အသီးက အလွန်ကို ထွားပါတယ်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
လာနေပြီ
လာနေပြီ
လှပသူသစ်ပင်ကလေး
တပင်လုံး
တအုံလုံး ရွှေ့လာနေပြီ
အဝေးမြင်ကွင်းပေမယ့်
ထင်လင်းလှချည်ရဲ့ ...။

ငါဟာ
နာရီအိုကြီးတလုံးထဲက မြည်သံဖြစ်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
ငါ့ရင်အုံပေါ် ငါ့ရင်အုံကြီးပေါ်
မြင်းပြိုင်ကွင်းလို သဘောထား
တက်ကလောက်
တက်ကလောက်
သူကလေး လာနေပြီ ...။

ငါ့ရင်ထဲမှာ
တက်ကလောက်
နီးလာပြီ
နီးလာပြီ
တဖြည်းဖြည်း
မနှေးမမြန်ကလေး
မမြန်မနှေးကလေး
ငါဟာ ကောင်းဘွိုင်လို မြင်းစီးသမားဖြစ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ငါဟာ ဒရမ်မာ (ဗုံတီးသမား) ဖြစ်ခါ
ငါ့ရင်အုံ ငါ ပြန်တီးမိ
လောကကြီး ချက်ချင်းလင်းပေးသွား
လောကကြီး ချက်ချင်းမှောင်လိုက်
လောကဓာတ်ကြီး ချက်ချင်းလင်းပေး
ငါ့အချစ်မှာ
ညမရှိဘူး ...
ဘယ်ဘဝက သွေးလည်း
သိလား
သင်းကလေးကို ချစ်မိ
အညတရပါ ...။

မင်းကလေးရဲ့ ရင်၊ တင်၊ ခါး
အတိုင်းအတာဖြင့်
ဂရင်းနစ်စံတော်ချိန်ပေါ့
မင်းကလေးရဲ့ ရင်ဘတ်ကြယ်သီးတွေ
ထွားလွန်း
တလမ်းလုံး မွှေးသွားတယ်
မင်းကိုယ်နံ့တွေကြောင့် လမ်းမှာ
မွှေးခွင့်ရ
လာပြီ
သင်းကလေး လာနေပြီ ...။

ဆံပင်ကလေး ခါလိုက်တာ
ကဗျာ
မင်းကလေး တချက်ပြုံးလိုက်တာ
ငါ့လယ်ယာထွက်သီးနှံတွေ
အကုန်လုံးဖွံ့ထွားကြီးမားကုန်ရပါပြီ၊
မင်းကလေးဟာ
ပွဲတော်ထဲက မြို့ကလေးပါ
မင်းကလေးမျက်ခွံပေါ်
ငါ နေခိုပါရစေတော့
မင်းဆံပင်ကလေးနမ်းပြီးမှ
အသက်ရှင်ရမယ့်သူပါကွယ်
ချစ်တယ် ...။

ဟော ...
ကောက်နေတဲ့လမ်းတွေ ဖြောင့်သွားပေါ့
လာနေပြီ
ငါ့နွေဦးပေါက်အသစ်စက်စက်ကလေး
လာပြီ
လာပြီ
ငါ့နွေဦးပေါက်ကလေးလာနေပြီ
ပန်းပွင့်သံတစီစီ
ပေါက်ပွင့်သံ ဒိုင်းကနဲ
ငှက်အမျိုးမျိုးပျံဝဲပုံနဲ့ သစ်ရွက်တွေ
ဝဲပျံကြ
အသီးသစ် အရွက်သစ်တွေ
ပျားရည်ရွှဲကြလို့
အလင်းလှ
အလင်းပြေပြေ ချောချောကလေး
ပျားအုံဘရန်ဒီအရက်ကလေးထွေထွေနဲ့
တောက်စား
အဲသလို နွေဦးပေါက်ကလေး
အဲသလို နွေဦးပေါက်သင်းကလေး
လာနေပြီ ... ...။

မိန်းမဆိုတာ
သည်လိုဝပ်အား
ခပ်များများနဲ့မှပေါ့ ...
ခြေသဲကလေး ဝိုင်အိုလက် ပန်းခရမ်းရောင်
ခြေထောက်အုအုကလေးမှာ
ရွှေလိမ္မော်သီးဖိနပ်နဲ့တင့်
သစ်တောစိုက်ခင်းတခင်းလို
ခြေသလုံး ဝ၀ကစ်ကစ်မှာ
မွှေးညင်းနုကလေးတွေစီရီ
လေက ပွတ်သပ်လိုက်တိုင်း
စီးချက်ညီညီက ...။

ပြီးရင်
မြင်ရမှာက
ရွှေပိုးကောင်ဂုတ်သားအရောင်လုံချည်
လှိုင်းအိလို့
သင်းကလေး ပေါင်သားပေါ်အိလို့ ...။

ပြီးရင်
စရွေးကိုက်ပြီး
ရွှေဘော်ထိုးပြီး
ပါလစ်သုတ်ပြီး
ပွတ်လုံးလို
လုံးကျစ်ဝန်းဖုတဲ့
တင်သားတင်းတင်းကလေး
ရွလို့ ...။

ပြီးရင်
ခါးကလေး
ခါးသားကလေး
ခါလို့ ...။

သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို တဒီးဒီး လည်စေခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကကောင်ကြီးရဲ့ အသည်းကိုလေ
ခဲကလေးလို
ရေပေါ်ရှပ်ရှပ်ပစ်ကစားတာ
သည်ခါးကလေးပဲ
သည်ခါးကလေးပဲ
သိပ်သေချာပါတယ်
အဲသည်ခါးကလေးပဲပေါ့ ...။

ရေကျချိန်
မို့မောက်ပြီး ခုံးခုံးကလေး ကျန်ရစ်ခဲ့
ထွန်းသစ်စ သောင်ခုံမို့မို့လို ရင်သား
တင်းလို့
အဲသည်ဝင်းပရင်သားအထက်မှာပေါ့
ဂျက်လေယာဉ်တွေ
ဂျက်လေယာဉ်တွေ
တစီးပြီး တစီး
ပျက်ပျက်ကျရာ
မျက်နှာလွင်ပြင်လေး
ဝင်းပ ...။

ဟုတ်တယ်
သင်းကလေးမျက်နှာဟာ
နှလုံးသားဂျက်လေယာဉ်တွေ
တစီးပြီး တစီး
ပျက်ပျက်ကျရာ လွင်ပြင် ...။

အမေရေ ...
အမေ့သားမလဲ
သင်းကလေး မျက်နှာလွင်ပြင်ပေါ်
ဘဝတခုလုံး
ပျက်ကျရ လေယာဉ်တစီးပေါ့ ...။

မိုးစပ်စပ်ကလေးရွာပြီးကာစ
နေရောင်အဝါက
စပေါ့လိုက်တခုလိုထိုးပြထား
ငုပင်
သည်ငုပင်က ငုပွင့်ငုဖတ်တွေ
တဖြာဖြာခါဆင်းပုံမျိုး
သင်းကလေး
လှမ်းလျှောက်လို့ လာနေခဲ့ပြီ ...။

ဒါဟာ
ငါ့နွေဦးပေါက် အသစ်စက်စက်ကလေးပေါ့
ဒါဟာ
ငါ့ဂေါ်ဖီခင်း ထွေးထွေးထပ်ထပ်ကလေးပေါ့
ဒါဟာ
ငါ့အသည်း ပလုတ်တုတ်ဖြစ်ပုံ ရှုမျှော်ခင်းကလေးပေါ့ ...။

အမေရေ ...
၁၆ အောင်စ အလေးချိန်ရှိတဲ့
သားရဲ့နှလုံးသားလေးဟာ
သူကလေးလှုပ်ကစားမှ
ပျော်ရတဲ့
သူ့လက်ထဲက
ပလုပ်တုတ်ကလေးဖြစ်နေရတာ
ဘယ်ရှေးကုသိုလ်ဆက်လဲဟင် ...။

“ဒါက ဘာလဲ”
(သင်းကလေးအသံလေ)
လက်ကလေးနဲ့ ပွေ့ယူလိုက်သလိုပေါ့
“ဖိတ်စာ”
(ငါ့အသံလေးပါ ...
အကြောက်တရားနဲ့ မွေးဖွားလာသမို့
အသံဖြစ်ရုံတင်လေးပေါ့ ...)
“ဖိတ်စာ ... ပါ”
“ဖိတ်စာ ... ပါ”

“ပေး”
(သင်းကလေးအသံပါ)
ငါ့သောတာရုံတခုလုံး
ပန်းရုံတရုံဖြစ်သွား ...။

ငါ့အသည်းနှလုံး ငါ့ဘဝ
မင်းမျက်ဝန်းလေးထဲ
ပစ်ထည့်မိ။

ပြန်ဆွဲနှုတ်ကြည့်တော့
အသည်းနှလုံးရော ဘဝရော
တခုမှပြန်ပါမလာတော့ဘူး ...။

မြေပဒူအောင်း တွင်းထဲ
ခြေထောက်ကျွံကျခဲ့သူ မုဆိုးခမျာ
ပြန်ဆွဲနှုတ်တော့
ခြေထောက်ပြန်ပါမလာတော့သလိုလေ
ဒါပေမယ့်
ချစ်တယ်ကွယ် ...။

ငါ့အိတ်ကြီးထဲ
ငါ့အက်ႌထဲ
အချစ်တွေပါတယ် ...။

ငါ့အသားတွေ ပွတ်သပ်တိုက်ခတ်သွားတဲ့လေမှာတောင်
အချစ်တွေပါတယ် ...။

ငါ့အဆုတ်ထဲ
အချစ်တွေ ပြည့်ဖောင်းလို့
အချစ်တွေနဲ့
ငါ့အဆုတ်ကြီး ပြည့်ဖောင်းလို့ ...။

သင်းကလေး
တသွင်သွင်စီးဆင်းပုံဟာ
တသက်လုံး ငါ့မှာ ချစ်မှားယွင်းခဲ့
အလကားပါ
ဘဝတလျှောက်လုံးလောက် ချစ်မှားယွင်းသင့်တာပေါ့ ...။

မြောက်ဥက္ကလာဟိုးမားက
ငါ့မိတ်ဆွေ ဖိနပ်ချုပ်သမားလေးရေ ...
ငါ့အသည်းနှလုံးကို ပေးပို့လိုက်ပါရဲ့
အလှဆုံး ဖိနပ်ကလေးတရံ
အမြန်ဆုံးချုပ်ပေးပါ
သူကလေး စီးဖို့ပါကွယ် ...။

တယ်လီဗေးရှင်းထဲမှာလည်း
ငါ မင်းကို ရှာတယ်
တယ်လီဖုန်းလေးထဲမှာလည်း
ငါ မင်းကို ရှာတယ်
မိုက်ကရိုဝေ့စလောင်းကြီးထဲမှာများ
မင်းကိုယ်ရိပ် ကိုယ်ရောင် ရှိမလား
ငါမော့ကြည့် အနံ့ခံမိတယ်။

ဆ.သ.ရ ကိုလည်း
အကြောင်းကြားထားပါတယ်
သူကလေးကိုတွေ့ရင်လေ
အမြန်ဆုံးသတင်းပို့ပါလို့ ...။

အလှဆုံး ဇာပန်းကွက်ကလေးတွေ
တခုပြီး တခု
ငါ့စိတ်ရဲ့ပိတ်သားပေါ်
မင်းတိုးဖွဲခဲ့ပါလားကွယ် ...။

သစ်ကြားသီးလေး ပူနွေးနေပုံဟာလေ
မင်းကိုယ်ထည်အနွေးဓာတ်ကလေးလား
သစ်ကြားသီးလေး စားမိတုန်းအခါ
ငါခံစားရပုံများ
ဖရိုဖရဲ အုတ်ပုံတွေလို
ငါ့မှာ
“အင်ထရိုပီ” တွေ မြင့်ကုန်ရပါပြီကွယ် ...။

ခဲတန်ချွန်စက်ထဲက ထွက်လာစ
ခဲဆံလို
ကိုက်ခဲပါကွယ်
အဲသည် သွားထက်ထက်ကလေးတွေနဲ့
ငါ့အသည်းနှလုံးကိုလေ
ကိုက်ခဲပါကွယ် ...။

အို ... ဘာဖြစ်လို့များ
မင်းညကို ငါချစ်မိပါလိမ့်
ဒါ ငါ မမျှော်လင့်ခဲ့ဘူး
ဒါ မျှော်လင့်လို့ မဟုတ်ခဲ့ဘူး
လုံးလုံးမဟုတ်ခဲ့ဘူး
ထူးဆန်းလှချည့် ...။

ဒါ ငါမသိခဲ့
ငါ့နှလုံးသား ဘာဘီကျူမီးဖိုဖြစ်
လှိုင်းသစ် ဝင်ပြေး ပင်လယ်ရင်ခွင်
ဘယ်သူသိသလဲ
ဘယ်လောက်ကောင်းတယ်ဆိုတာ ...။

စိတ်ကူးယဉ်နေတုန်း ရင်ဘတ်ပေါ်
ကြွက်ပေါက်စ နီနီရဲရဲလေးတွေ
ရုတ်တရက်ပြုတ်ကျ
လန့်ခုန်
အူတွေယားလို့
ငါ့မှာ အူတွေ အထပ်ထပ်ယားလို့ ...။

စိတ္တဇဆေးရုံကုတင်ပေါ်မှာတဲ့
ငါ့ကို လူတွေကပြောကြ
ဘယ်ဟုတ်ရမလဲ
ငါဟာ မေတ္တာလမ်းပေါ်ရောက်နေတာပါ
အိမ်နံပါတ်က
၁၅၀ဝ လေ ...။

လူတွေဟာ ခက်ပါတယ်
သည်လောက်ရိုးရိုးစင်းစင်းလေးတောင်
မသိကြချေဘူး
ခက်တယ် ...
အိပ်မက်တွေ ခြောက်ဆင့်မက်
ညကျရင် အိပ်မက်ထဲမှာ
တဝကြီး သင်းကလေးနဲ့ ...။

အချစ်နဲ့ပတ်သက်ရင်
နပိုလီယံဆိုတဲ့ကောင်ဟာ
ငါ့ဘယ်မီမလဲ
မြို့တွေရွာတွေ
တမြို့ပြီး တမြို့ရပေမယ့်
သိတယ်မှုတ်လား
သင်း ချစ်သူ ဂျိုးဇက်ဖင်းဆီတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား ...။

ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
မြို့တွေရွာတွေ
အကုန်လုံး ပုံပေးထားတဲ့ကောင်
ဘယ်ကောင် ယှဉ်ရဲသလဲ ...။

ညည အိပ်မရဘူးကွယ်
အိပ်ခန်း ခန်းစည်းလေးကို လေတိုးတိုင်း
ကြည့်စမ်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကို မော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
အသည်းလေးရယ်
မင်းကလေးဟာ လမင်းအသစ်ပါကွယ် ...။

သိပြီ သိပြီ
မင်းလေးကြောင့်
သည်ကောင် ရင်ခုန် မိုးလုံးပြည့်
ငါ့ချစ်စိတ်တွေ လွှင့်ပစ်မရတော့ဘူး
ဆိုး ...
သွားနှုတ်ဆရာက
မနာမကျင်အောင်
ကျွမ်းကျွမ်းကျင်ကျင် သွားနှုတ်ပုံမျိုးခံရ
သွားတပြုံလုံး ကုန်သွားပေမယ့်
ငါ့မှာ
သွားတွေရှိသလို အားကုန်ပြုံးမိ
ပစ်ရက်စရာ မရှိအောင်ပဲ
ငါ့အဖြစ်ကဆိုး
ချစ်တယ်ကွယ် ...။

မိုးအသစ်တွေ ရွာသွန်းဖြိုး
ရေသစ်တွေ မြစ်ဖြစ်
ဒါ ငါ့ရင်ခွင်လေ ...။

အဆုံး
အဆုံးရဲ့အဆုံး ခုံးခုံးပေါ်မှာ
ဒါ ဘယ်သူ့ကောင်းကင်တဲ့လဲ
ဝင်းပ
ဝင်းပ မင့်အပျိုရည်ကလေး
ဘယ်လဲ
ဘယ်ရောက်သွားပြီတဲ့လဲ
အဲဒါဟာ
အပင်ပေါက်သွားပြီလားကွယ် ...။

ဟေ့
ကောင်းကင်ပြာလေး
ငါ့ကို တခုခုပြောစမ်းပါ
ပြောခဲ့စမ်းပါ
ဟောသည်က သွေးခဲတခဲကို
ပြောခဲ့စမ်းပါ
အနာတခုကို အနာတခုနဲ့
ကုသရတယ်လို့
သည်သွေးခဲတခဲကိုလေ
ပြောခဲ့စမ်းပါ ...။

ခုတော့
ဓားပေါက်ဝိဇ္ဇာရဲ့ ဓားပေါက်ချက်တွေထဲ
ငါ့မှာ
အသည်းတယားယား
ကြက်သီးတဖြန်းဖြန်း မှန်တွေကွဲ
ဓားပေါက်ချက်တွေထဲ
ငါ့မှာ
လောကဓံတရားကိုတွေ့
ငါ့အသည်း
ကျောက်စရစ်ခဲလေးဖြစ်ကျန်ရစ်ခဲ့
ချစ်တယ်ကွယ် ...။

ငါ့အသက်
မင်းလေးလက်အပ်နှံထား
အထပ်ထပ်ခွဲစိတ်
လွှာချ
တလွှာပြီးတလွှာ
လွှာချ ...
အို ... အသည်းခွဲစက်ကလေးရဲ့
သိပ္ပံနည်းကျ မင်းပြုစား
ငါ့ရင်ခေါင်းကြီး တခုလုံး
ရန်သူမလေးရယ်
ချစ်အခိုးတွေ အလိပ်လိုက် အလိပ်လိုက်
ထကုန်ရပါပြီ
ငါ့မှာ
ချစ်ပြီးရင်း ချစ်ရင်း
ချစ်တယ်ကွယ် ...။

ငါ့ကို ဘဝကူးသွားပြီတဲ့
လူတွေက
လူတွေဟာ အတော်ကြီးကို ခက်တယ်
ငါ မပြောဖူးလား
အရာရာဟာ တွန့်လိမ်ကောက်ကွေးပြီး
သေးမွှားသွားရုံကလွဲပြီး
ဟောဟို ... နေအောက်မှာ
ဘာမှမဆန်းသစ်ဘူးဆိုတာ
မသိကြရှာဘူး ...။

သည်မှာ ... ပြောလိုက်မယ်
တွေ့လား ...
အက်စစ်နဲ့ နှလုံးသားကို ပက်မှ
လူဟာသေတာ မဟုတ်ဘူး
ပန်းတပွင့်ရဲ့ ဝတ်မှုန်တမှုန်နဲ့ထိလဲ
သေတယ်ဆိုတာ
သင်းတို့ သိသွားစေရမယ် ...။

တညလုံးမဟုတ်ဘူး
ဆယ်ဘဝ ဆယ်ညလုံး မအိပ်ရရ
ချစ်နေမှာပဲ
သိကြ ... သိကြ
ချစ်တဲ့အကြောင်းကို
တဘဝလုံး အကုန်ခံပြီး
အကျယ်ကြီး အော်ပြောသွားတဲ့ကောင်
ဝံ့စားကြလား ...။

အော်ပြောလိုက်မယ်
ချစ်တဲ့အကြောင်းကို အော်ပြောလိုက်မယ်
သင်းကလေး တကိုယ်လုံး
ချစ်စရာချည်းပဲ
ချစ်တဲ့အကြောင်းကို
အကျယ်ကြီး အော်ပြောလိုက်မယ်
အချစ်နိုင်ငံကူးလက်မှတ် အမြန်ထုတ်ပေးပါကွယ် ...။

ဝင်းပပါ ... ဝင်းပပါ
ငါ့အသည်းနှလုံး Betelgues ကြယ်ကလေးရဲ့
စွတ်စို စိုထိုင်း
ငါ့မှာ ထွန့်ထွန့်လူး
ငါ့အချစ်တွေ
တိတ်တခိုးကြီးထွန်းလင်း
အိုး ... တိတ်တခိုးကြီးပါလားကွယ်
သိကြ
ခု ငါ့ချစ်သူလေး ရင်အုံထဲ
တနေ့ကို အကြိမ်တသိန်းတိတိ
ခုန်ပေါက်နေတဲ့ အသည်းနှလုံးဟာ
ငါ့အသည်းနှလုံးစစ်စစ်ပဲ ...။

သူငယ်ချင်းတို့ရေ ...
ဘုရားသခင်စားနေကျ
တော်ဝင်တဲ့ အစားအစာကို
ကိုက်ချီဖို့ ကြိုးစားတဲ့
ခွေးတကောင်ရဲ့ဇာတ်လို့
မှတ်လိုက်ကြပါတော့ကွာ ...။ ။

မောင်ချောနွယ်


**(ပုံနှိပ်ဖော်ပြခြင်းမရှိသေးတဲ့ မောင်ချောနွယ်ရဲ့ ကဗျာရှည်)
    
 ဒီလင့်ကနေကူးယူဖော်ပြတာဖြစ်ပါတယ်..။http://www.searchmyanmar.com/link/frame/cid/16304/domain/drlunswe.blogspot.co.uk

Tuesday, December 25, 2012

ကြာသာပတေးနေ့က ကောင်မလေး


                                        စည်သူ

နေ့စဉ်ရက်ဆက်..
မျှော်လင့်ချက်ကို ကိုးကွယ်
ပြန်ဆုံဖို့ဆုတွေတောင်း
အကောင်းအဆိုး
အမှား..အမှန်
မဝေဖန်..မပိုင်းဖြတ်ချင်တော့..၊

မမျှော်လင့်ဘဲ..
ရင်ထဲကိုတဒင်္ဂ
ဝေဒနာတွေထည့်ပြီး
ဝေ့၀ဲသွားတဲ့လေပြေလေးရယ်..။

အဲသည့်ခဏတာ
ရင်ထဲမှာ ဗြောင်းဆန်
နှလုံးသားခင်မျာ..ကဆုန်ပေါက်လို့
ဖြစ်နိုင်ရင် မှတ်တမ်းတင် ပြချင်ပါ့ကွယ်..။

ရက်စွဲတော့မသိပါ..
ကြာသာပတေးနေ့တော့သေချာတယ်..၊

အမည်မသိမိန်းကလေးလေ..
ဆံပင်ရှည်ရှည် ခပ်လှလှလေး..
ခဏတာမြင်ရ၍ ပျောက်ဆုံးသွားခြင်း
အထူးသတင်းစဉ်မှာထည့်
တွေ့သူကို ကျေးဇူးဆပ်မည်ပေါ့..၊

ဗိုက်ဆာတုန်း ပေါက်စီတစ်လုံးရလိုက်သလို
မျှော်လင့်နေချိန် .. ထင်မထားချိန်
ဒိန်းခနဲ ရင်ထဲမှာ
ဟောသည့် ရင်ဘတ်ကြီးထဲမှာ
အပျော်တွေဆင့်ကာဆင့်ကာ ပေါက်ကွဲ
(ကွယ်..) ကောင်မလေးပါပဲ..၊
မျှော်လင့်နေဆဲ.. လင်းခနဲ ပြန်တွေ့လိုက်ရတယ်၊

ရင်ခုန်လွန်းလို့ တိမ်ထဲအထိလွင့်စင်
ဒါပေမယ့် (ကိုယ့်မှာ) နာမည်လေးတောင်သိခွင့်မရလိုက်ဘူး..။

အချစ်၏ဆန်းကြယ်ခြင်း
အကြည့်၏ လှည့်ဖျားခြင်း
တဏှာ၏ သွေးဆောင်ခြင်း
အားလုံး၏ ဆုံမှတ်
(အဲသည်) ကောင်မလေးပေါ်ရောက်သွားချိန်
(ကိန်..ကိန်..ကိန်..)
ငါ့မျက်လုံးအိမ်ထဲ
ကောင်မလေးရဲ့ ပါးပြင်အဆုံးသတ်က
မှဲ့နက်လေး နှစ်လုံးပဲ မြင်တော့တယ်..။

လွန်လွန်းပါတယ်..ရင်ခုန်သံရယ်..
တေးသံဆိတ်ရင်ခွင်
ယူသူမဲ့အနမ်း
နူးညံ့တဲ့အကြည့်
ငတ်မွတ်တာ ကြာခဲ့ပြီကိုး..

စွဲလန်းမှုဝေဒနာ
ဖြတ်ဖို့ခက်လှကွယ်..
ဘယ်သူမှ မယုံရင်နေ
(ဟောသည့်) ကိုယ်တိုင်ကြုံနေတဲ့
ရင်ဘတ်ကြီးနဲ့ အပြည့်ယုံတယ်..။

တဒင်္ဂအခိုက်
နာမည်တောင်မသိလိုက်တဲ့
ကြာသာပတေးနေ့က ကောင်မလေးရေ..
(ဧဒင်က) ပန်းသီးကို နင်မစားရင်နေ
ငါပဲစားလို့လည်းရပါရဲ့..။

ခံစားကြည့်လေ..
အကျဉ်းသားခမျာ
လည်ပင်းကိုတုံးပေါ်စင်း
ဓားအ၀င့်ကို စောင့်ဆိုင်း
အဲသည့် တဒင်္ဂ ခံစားချက်
သူမမှတ်မိခင်သေသွားသလို..
သူမရဲ့ ဓားချက်အ၀င့်မှာ
ငါ မတ်တပ်သေသွားတာပဲ..။

ကြာသာပတေးလေးရယ်..
ဝိဥာည်ထွက်အောင်မသတ်ပဲ
နှလုံးသားမှ ဒုက္ခလာပတ်ရတယ်လို့...

ကမ္ဘာကြီး၏တစ်နေရာ
အဆင့်မြင့်တုန်ခါမှု
စက္ကန့်ထက်နှစ်ဆမြန်ဆန်ခြင်း
(ကွယ်..) နှလုံးသားမို့ပေါ့
သရက်သီးသာဆို
ကြွေကျတာကြာပြီပေါ့..။

(ကဲ..) ဟောသည်မှာ
ကန္တာရ လွင်ပြင်ကျယ်အလွမ်း
ဒုက္ခသည်တစ်ယောက်ရဲ့
ကမ်းစပ်ကို တမ်းတမှုမျိုးနဲ့
အနမ်းတွေ ငတ်မွတ်နေတဲ့
လူငယ်လေးတစ်ယောက်ဟာ..
ကြာသာပတေးလေးအတွက်
ကူးခတ်နေရှာသတဲ့လေ..။

     *      *      *
31.7.2010

** တစ်ကယ်ကိုခံစားပြီးရေးထားတဲ့ ခံစားချက်အစစ်ပါ.. တစ်ကြောင်းချင်းစီကို အချိန်ယူပြီးရေးထားတာဖြစ်ပါတယ်။



Monday, December 24, 2012

အသားအရောင်

(ဒီကဗျာကို အာဖရိက လူမျိုး ကလေးငယ်ရေးခဲ့ပြီး 2005 ရဲ. အကောင်းဆုံး ကဗျာအဖြစ်  ရွေးချယ်ခံခဲ့ရပါတယ်)
 

-:: C O L O U R::-
When I born, I black;
When I grow up I black;
When I go in sun I black;
When I scared, I black;
When I sick, I black;
And when I die, I still black;
And Ü White fellows;
When U born, U pink;
When U grow up, U white;
When U go in sun, U red;
When U cold, U blue;
When U scared, U yellow;
When U sick, U green;
When U die, U grey;
And U call me coloured......


**အောက်ကလင့်ကနေကူးယူဖော်ပြပါတယ်..။ 
https://www.facebook.com/AmazingBedRoomsCars

အိပ်မက်ထပ်တူ

                                                စည်သူ

လေဟုန်ခွင်းပြီး
အမြင့်ဆုံးကိုပျံသန်းဖူးရဲ့
အိပ်မက်ထဲမှာ..။
 

ကြိုမသိနိုင်ခဲ့
လောကရဲ့မာယာ
ပွန်ရုပ်တစ်ရုပ်ပမာ
အရွှေ့ခံခဲ့ရ..။
 

ရိုင်းလိုက်လေ..
တစ်ချို့တစ်ချို့တွေကျ
အားအကိုးဆုံးဆိုပြီးမှ
နှလုံးသားကိုဓားနဲ့ထိုးစိုက်
အသည်းခိုက်မတတ်
ခံစားရခက်ခဲ့ပြန်ရ..။
 

အတိတ်ကိုပြည်ဖုံးကားချ
အရှုံးတွေကိုမုန်းမေ့ရင်း
ဘ၀သစ်ကို
ချစ်ခြင်းတွေနဲ့ပြန်စ
တောင်ပံခတ်သံပြင်းပြင်းနဲ့
အိပ်မက်ထဲကလို..။

ကမ္ဘာပြိုတဲ့နေ့..


                                       

သူငယ်ချင်း..
မုန်တိုင်းထန်ထန်
မာန်ဟုန်ဘယ်လောက်ပြင်းပြင်း
ကမ်းမပျောက်အောင်လမ်းပြ
ပဲ့ထိန်းသူရှိတုန်းကတော့
အပူအပင်မသိ
ပျော်စရာအတိပေါ့..။

လေပြေအေးအေး
ပျော်လို့တောင်မ၀သေးခင်
ရုတ်တရတ်မထင်မှတ်
မုန်တိုင်းဝင်ခတ်သွားတယ်..။
ဖြေစရာနတ္ထိ
နှစ်သိမ့်စရာမရှိ
သောကတွေအတိနဲ့
ရင်ထဲဘယ်ချိပါ့မလဲ..။

မြင်းမိုရ်တောင်ပြိုလဲ
ရင်ကွဲမိုးတွေရွာ
အကြီးကျယ်ဆုံးခံစားချက်
ရင်ဘတ်ထဲဘာမှမရှိတော့သလိုပဲ..။

ဟာတာတာကြီးသူငယ်ချင်းရယ်
ဘယ်လိုအစားထိုးမလဲ
ဘယ်လိုဘယ်လိုဖြေသိမ့်မလဲ
ဘယ်လိုမေ့ပစ်ရမလဲ..။
ဘ၀တစ်သက်မှာ
အမေခေါ်လို့ထူးသူမရှိတော့ပဲ..။

သူငယ်ချင်းရယ်..
နောက်ဆုံးပြောရရင်
ကမ္ဘာပြိုတယ်ဆိုတာ..ဒါပါပဲ.။

                                       စည်သူ

** သူငယ်ချင်းရဲ့ဆုံးသွားရှာတဲ့ အမေတစ်ယောက်အကြောင်းရေးဖွဲ့ပါတယ်.။

အသံအက်သွားတဲ့ခေါင်းလောင်းလေး

                                                   မအိ

ရောင်စုံပန်းခြင်းလေးတစ်ခု
စတုတ္ထတန်းကျောင်းသားကျောင်းသူများကောင်းမှု.။
အဖူးအငုံ၊ပွင့်ရုံပွင့်ချပ်၊
ပွင့်ဖတ်ညှိုးရော်
သော်ကဇီဇ၀ါ၊စကြာပုံနရိပ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့သူ့အတွက်လေ..၊

ဖိနပ်မဲ့ခြေဖ၀ါး
မေးခိုင်ပိုးစားခြင်း
ထင်းရူးသေတ္တာလဲလျောင်းစရာ..၊

သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ
သတ္ထုငွေငါးကျပ်နှံအပ်
သရဏဂုံဆည်းကပ်လေ
ကောင်းရာဘုံဘ၀ရောက်ပါစေ..၊

အမိကိုကူ၊
အဖကိုကူ၊
အပူမျှယူ၊
ခဲတံမဲ့သူ
စာအုပ်မဲ့သူ
အလှူငွေမတတ်နိုင်သူ
အပူအားလုံးငြိမ်းပေါ့။

သေတ္တာအဖုံးရိုက်ပိတ်
လျှာအဆိပ်သင့်
ရင်နင့်နေခိုက်
ရှိုက်သံတစ်ချက်တစ်ချက်
သံစူးသတဲ့တော်တို့ရေ...
အကြော်သည်အမေ
မြေလူးလေရဲ့...

နောက်ဆုံးကခုံနေရာ
လစ်ဟာနေမှာ
ကျောင်းခေါ်ကြိမ်စာရင်း
မင်းနာမည်ကျော်ဖတ်ရတော့မှာ
ခုံပေါ်မတ်မတ်ရပ်ရမယ့်ပြစ်ဒဏ်
မင်းဝိဥာည်မခံစားစေတော့..၊

သင်သွားလိုရာသွားနိုင်သည်
မကြားဝံ့ဝံ့နှုတ်ဆွံ့ရှိုက်ငင်
တစပြင်အထွက်
နှောက်ယှက်ဆဲအသံတွေ
မနက်ဖြန်နံနက်
ကျောင်းအတက်မှာ
ဆရာမလက်
ခေါင်းလောင်းအထိုးခက်ပေလိမ့်..။

                                   မအိ
        *(မအိရဲ့တစ်ချိန်ကနာမည်ကျော်ကဗျာလေးတစ်ပုဒ်ပါ၊သူငယ်ချင်းတို့ခံစားဖို့မျှဝေပေးလိုက်ပါတယ်..၊)

နောက်ဆုံးလောင်းကြေး

                                

တစ်ယောက်ပျော်ဖို့
တစ်ယောက်ငိုရ
တစ်ယောက်ရှင်သန်ဖို့
တစ်ယောက်စတေးရ..၊

လူမမြင်နိုင်
ငါပိုင်တဲ့ရင်တွင်းဒဏ်ရာ
ယောက်ျားမာနနဲ့
အပြင်ကိုမကျစေရ
မျက်ရည်စတွေ..၊

ဝေးနေပါရစေတော့
ဆက်နေရင်ဒီဘဝ
ဆည်မရတဲ့သိက္ခာ
အထပ်ထပ်ထွက်လို့ရ..၊

မကြင်နာလို့နာကျင်ရတဲ့ခန္ဓာ
မစာနာလို့ဝေဒနာရတဲ့စိတ်
မငဲ့ကွက်နင်းရက်ခဲ့လို့
ကြေမွရတဲ့ဘ၀တစ်ခု..၊

အကုန်စုထုပ်ပြီး
ထွက်လာခဲ့မယ်
အသွေးအသက်
လောင်းကြေးထပ်ပစ်ထားတဲ့
'တိုက်တန်းနစ် 'ပေါ်..။

                                 စည်သူ

..................

..........................


ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်..
တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ်...
ကံမကောင်းချင်တော့ ကောင်မလေးဆုံးသွားတယ်...
ကာင်လေးခမျာခံစားလိုက်ရတာ..ကြေကြေကွဲကွဲပဲ..
မျက်ရည်တွေလည်းအတားအဆီးမရှိ၊ မရပ်မနားကျဆင်းလာတယ်...၊
ကောင်လေးခမျာ..နေ့ရော၊ ညပါမနားတမ်းငိုရှာတယ်..၊

လူတော်တော်များများကကောင်လေးကိုသနားကြပေမယ့်..
ဘယ်သူမှကောင်လေးရဲ့မျက်ရည်တွေကိုရပ်တန့်သွားအောင်၊ ကောင်လေး အငိုတိတ်သွားအောင်မနှစ်သိမ့်နိုင်ကြဘူး..၊

တစ်ညမှာ..ကောင်လေးအိပ်ပျော်သွားပြီး အိပ်မက်မက်တယ်..၊အိပ်မက်ထဲမှာ..
ကောင်းကင်ဘုံကိုရောက်သွားပြီး သူ့ကောင်မလေးနဲ့အတူ.. အခြားအရွယ်တူ.. .ကောင်မလေးတွေ အများကြီးကိုတွေ့တယ်..၊
ကောင်လေး..နည်းနည်းတော့စိတ်သက်သာရာရသွားတယ်..၊

အဲဒီမှာကောင်မလေးတွေက ၀တ်ကောင်းစားလှတွေဝတ်ထားပြီး.. မီးညှိထားတဲ့ဖယောင်းတိုင်လေးတွေ...ကိုယ်စီကိုင်လို့၊
ဒါပေမယ့်.. သူ့ကောင်မလေးရဲ့လက်ထဲကဖယောင်းတိုင်ကတော့.. မီးငြိမ်းနေတယ်လေ..

ကောင်လေးက ကောင်မလေးကို မေးလိုက်တယ်..
"ချစ်ရဲ့ဖယောင်းတိုင်မှာကျတော့ မီးမရှိဘူးနော်.."

ဒီတော့..ကောင်မလေးက "ကျမရဲ့ဖယောင်းတိုင်ကို မီးညှိလိုက်တိုင်း.. အဲဒီဖယောင်းတိုင်ပေါ်ကို မောင့်ရဲ့မျက်ရည်စက်တွေ ကျကျလာတယ်လေ.. ကျေးဇူးပြုပြီး.. မငိုပါနဲ့တော့မောင်ရယ်...." တဲ့။

Translated by Sithu


**ကဗျာမဟုတ်ပါဘူး သူငယ်ချင်းတို့..၊ ကျွန်တော်..ဘာသာပြန်ထားတာပါ။

အပ်ကြောင်းထပ်နေရခြင်း



လေတံခွန်ငယ်..

အမြင့်ဆုံးကိုလွှင့်တက်ပလိုက်စမ်း..

ယုံကြည်ရာ..မျှော်လင့်ခြင်းတွေအတွက်

မီးဇာကုန်ခဲ့ရင်

ဝိဥာည်နဲ့ခရီးဆက်..

မနက်ဖြန်ရဲ့အလင်းတွေကိုမျှော်ရင်း

(ကိုယ့်ကိုယ်ကို) မှန်ကြည့်ဖို့တောင်မေ့လို့။

မျက်လုံးမမှိတ်ရဘဲ..မိုးလင်းသွားတဲ့ညတွေ..

တစ်စက်မှမထိုင်ခဲ့ရတဲ့နေ့တွေ..

အပျော်တွေကိုစား..ပီတိတွေကိုဝါးရင်း..

ထမင်းလွတ်ခဲ့တဲ့အကြိမ်တွေ..

(တစ်ခါ..တစ်ခါ)မကျေနပ်မှု.

စိတ်ပျက်မှုတွေစောင့်တက်ပြီး.

ရင်ဘတ်အောင့်ခဲ့တဲ့နေ့တွေ...။

(ကဲ)...သည်လိုနဲ့

သင်္ချာလိုပုံသေနည်းဆန်ဆန်..

နေညိုချိန်ဆို..အထီးကျန်ကြိုနေတဲ့

အိမ်လေးဆီပြန်ဆင်းသက်..

တိတ်ဆိတ်မှုတွေကို..ခြောက်ကပ်ကပ်မျိုချရင်း..

ဘ၀ရဲ့ဒဿနတွေကို..ငါနဲ့ငါ..ငြင်းကြခုန်ကြ..

နောက်ဆုံး..ငါတို့ရဲ့မျက်လုံးတွေခမျာ

မျက်ခွံတွေရဲ့အမိန့်ကို..ရိုကျိုးစွာနာခံလိုက်ကြတယ်...


                                                              စည်သူ
ပြင်လို့ရခဲ့မယ်ဆိုရင်
နင့်ကိုငါ အားပါးတရဖက်ပြီးပြောလိုက်ချင်တယ်..
`နင့်ကိုငါတစ်ကယ်ချစ်တာပါလို့..´
လွန်ခဲ့ပြီ`......´ရယ်..။




                                       စည်သူ

ဘ၀အမောပြေ

တစ်ရက်အသက်ရှင်တိုင်း..
တစ်ရက်ရုန်းကန်ရတယ်.
.လောကရဲ့ချမ်းသာ..
ဘ၀ရဲ့အမောပြေစရာ..
ဒီတစ်သက်ဆုံရမယ်တောင်
မထင်မိတော့ဘူး..။



                                        စည်သူ

ရွက်လွှင့်ပါရစေအမေ


ရွက်လွှင့်ပါရစေအမေ..

ဒီတစ်ခေါက်လေ

အိမ်ပြန်ချိန်နောက်ကျ

သားမောင်ဒုက္ခတွေ့မှာစိုး

ပူပန်စိတ်တွေ

မတိုးနဲ့တော့အမေ..၊


ဘ၀ရဲ့တံခါး

ခဏတာလှပ်ပြီး

မိုင်ထောင်ချီဝေးတဲ့အရပ်

ရွက်လွှင့်လို့ထွက်တဲ့အခိုက်

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါလေ..၊


ရင်ခွင်အေးချမ်း

ပန်းနှင်းဆီတို့ဝေ..

အဖြေတစ်ခု

ကိုင်ဆုပ်ပြီးရင်လေ

အမေနမ်းဖို့ ပန်းဖြူဖြူတစ်ပွင့်

သားရင်မှာပွင့်ခဲ့မယ်အမေ..။


                                        စည်သူ

ဒီတစ်ည


ဘ၀အဓိပ္ပာယ်
ဘာလဲ..၊

ရှင်သန်ရခြင်းအဓိပ္ပာယ်
ဖြစ်တည်နေတဲ့ပစ္စက္ခ
ကြိုးစားအားထုတ်ရခြင်းတွေ..

တစ်ခါတစ်ခါ
ဦးတည်ချက်ပျောက်ပျောက်နေသလို
လမ်းစပျောက်ပျောက်သွားသလို..
အချိုလည်းစားဖူးပြီ..
အခါးနဲ့လည်းနှစ်ပါးသွားဖူးပြီ

စဉ်းစားတိုင်းသံနဲ့ရိုက်သလိ
ခေါင်းပဲကိုက်ကိုက်လာ..

ရတာမလို..
လိုချင်တာကျဝေး..၊

တွေးမိတိုင်းရင်ထဲမွန်းကျပ်
ထွက်ထွက်လာတဲ့ဒေါသ
ချိုးနှိမ်ပစ်ရအောင်

ကဲ..ဒီတစ်ခေါက်
ငါမှောက်မယ့်အလှည့်ပေါ့
Liquor ပြင်းပြင်းရေ...။


                                       စည်သူ

အတိတ်ကိုပြန်တူးဆွခြင်း



မင်းနဲ့အတူ
အိပ်မက်တွေပြန်မက်ဖို့မရည်ရွယ်
အတိတ်ဟောင်းကို ပြန်တူးဆွဖို့မစိတ်ကူး
(တိတ်တဆိတ် ငြိမ်ငြိမ်သက်သက်)

ပြက္ခဒိန်တွေနဲ့အတူ
ရာသီခွင်တွေကျော်ဖြတ်
ပတ်ဝန်းကျင်သစ်တွေရဲ့
ရနံ့တွေကိုရှူရှိုက်ရင်း
နှလုံးသားအတွက်
ဦးနှောက်ကို သော့အထပ်ထပ်ခတ်
ရင်ဘတ်ကိုချိတ်ပိတ်
'တားမြစ်နယ်မြေ..မ၀င်ရ' တဲ့။ ပေါ့။

ရထားကြီးတစ်စင်းလိုပဲ
ကိုယ့်ခုတ်မောင်းသံစဉ်တွေနဲ့ကိုယ်
ခရီးတွေဆက်နေရင်း..
ကဗျာတွေစပ်နေရင်း..
စိတ်ကိုဖြေဖျောက်လို့
(ထင်မထားတဲ့ကာလ)
ဟော...
မ၀င်ရနယ်မြေမှာ
အလိုလို...နေရာပြန်ပေးမိသားဖြစ်သွားတယ်..။

နှလုံးသားကိုထုပ်ပိုး
လက်ချိုးပြီးရေတွက်
နှစ်ကာလအားဖြင့်
(ခုဆို)...
လက်ငါးချောင်းပြည့်သွားပြီ..။

သည်အကြည့်နဲ့သည်အပြုံး
ငါ့ရင်ခွင်တစ်ခုလုံး
ငါ့ကမ္ဘာတစ်ခုလုံး
ချာချာလည်ခဲ့ဖူးတာပဲ။

ကဲ....ကြည့်စမ်းဗျာ
(နှစ်ဘယ်လောက်ကြာကြာ..)
ငါ့ရင်အုံထဲမှာ
ဘယ်ဖက်ရင်အုံထဲမှာ..
(ခုထိ)..
ရင်ခုန်သံတွေသစ်နေတုန်း...။

ငါလည်းညာတယ်..
နင်လည်းညာတယ်..
ငါတို့နှလုံးသားတွေ
ငါတို့အချစ်တွေကို
ငါတို့ညာတယ်..။
အရူးအမူးစွဲလန်း
(တစ်ယောက်ကိုတစ်ယောက်)
တမ်းတနေလျက်
အသည်းကွဲခဲ့ရတယ်လို့။

ကာလယန္တရားနဲ့
အချိန်တွေဘယ်လိုပဲခြားခြား
ထားခဲ့တဲ့သံယောဇဉ်
(ခုထိ)..အမျှင်တန်းနေတုန်း..။

ကြေကွဲရင်နင့်မှုတွေနဲ့
ခွင့်လွှတ်နားလည်မှုတွေ
မျက်ဝန်းတွေထဲပြည့်လျှံလို့
အသံမထွက်ဘဲ
စကားတွေအများတွေအများကြီးပြောခဲ့ကြတယ်...။

ချစ်သူရယ်...
ကရုဏာမျက်ဝန်းတွေနဲ့
ငါ့ရင်ကို အထပ်ထပ်ရစ်ပတ်ပြီး
သည်တစ်ခါရောထွက်ပြေးမလား။

အချစ်စစ်တို့ရဲ့
မေတ္တာစက်ဝန်းမှာ
ဘယ်ကြားလေမှ သွေးခွင့်မရှိ
ဒဏ္ဍာရီထဲကလို
ကောင်းကင်မှာ
ကြယ်စင်တွေဖြစ်သွားတဲ့အထိ
တို့...ဆက်ချစ်သွားကြမယ်လေ...။


                                               စည်သူ

နှုတ်ခမ်းခါး

အနက်အဓိပ္ပာယ်
ဘယ်နှစ်မျက်နှာ ဖွင့်မလဲ..

ဓားသွားနှုတ်ခမ်းပါး
နှလုံးသားမှာဟက်တက်
မနှစ်သိမ့်နဲ့..
ကြုံဖူးမှ ကြေကွဲတတ်မယ့်ကိစ္စ..။

ခေတ်အဆက်ဆက်
မျက်စောင်းတစ်ချက်
နှုတ်ခမ်းပါးတစ်စုံနဲ့
သမိုင်းတောင်ပြောင်းခဲ့သေးတာပဲ။

ပင်လယ်ရေငန်..ချိုချင်ချိုလာမယ်
အဲသည့်..နှုတ်ခမ်းတစ်စုံ
ငါ့အတွက် ဘယ်တော့မှမချိုခဲ့
မျက်စောင်းတွေတစ်သီကြီးနဲ့
ခါးခါးသီးသီး..
နာနာကျည်းကျည်း..
ရင့်ရင့်သီးသီး..

နားလည်လိုက်မိသလိုပဲ..
ငါဟာ..
နှင်းဆီကို မခူးတတ်သေးလို့
လက်မှာဆူးဒဏ်ထိခဲ့တဲ့
ပန်းကြိုက်သူပေါ့..။
 

                                  စည်သူ  
                                 12.2.2011

အဖြေ


သူငယ်ချင်း..
ပြန်နှစ်သိမ့်ဖို့မလိုဘူး
ငါ့အတွက် .. ကမ္ဘာပြိုပြီးသား..
ငါ့အတွက် .. အိပ်မက်တွေ
အမှောင်ထုထဲ.. ကျကွဲပြီးသား..
မျှော်လင့်ချက်တွေလည်း
အချိန်နတ်ဖုရားထံတော်
စတေးပူဇော်ပြီးသား.။

နှစ်သိမ့်လေ .. ကြေကွဲလေ..
အားပေးလေ .. ရင်နင့်လေ..
အချစ်ပေးလေ .. အမုန်းတန်ပြန်လေ..
မုတ်သုံလေလာလေ .. ကောင်းကင်ငိုရလေ..
ဘ၀တွေမှာ မညီမျှခြင်းသဘော..
ပုံသေနည်းဆန်နေသလို..
ရက်စက်ခါးသီးနေသလို..

ပင်လယ်ရေငန်ပဲသောက်သောက်
ကန္တာရထဲပဲရောက်ရောက်..
ရေကြည်တစ်ပေါက်ထက်
ပိုမိုတောင့်တ .. အဖြေတစ်ခုပါ..။

ငါ့တို့အတွက် .. အရိုးချည်းကျန်ကျန်
မတ်တပ်ရပ်လျက် ..၀ိဥာည်ပဲခွာထွက်ထွက်
နောက်ဆုံးအချိန် ..
အငမ်းမရ သိသွားချင်
သတင်းကောင်းပါးခဲ့ချင်
အဖြေတစ်ခုအတွက်..
တိုက်ပွဲတွေအများကြီးဖန်တီးရ..
ငါတို့နှလုံးသားမှာလည်း
သွေးတွေစီးကျလို့..။

သူငယ်ချင်းရယ်..
သဲမုန်တိုင်း ဘယ်လောက်ပဲကြမ်းကြမ်း
တောင်တန်းတွေကို
ဖုံးလွှမ်းရုံပဲတတ်နိုင်မှာပါ..
ပျောက်ပျက်သွားအောင်
အမှုန့်ချေလို့ မရနိုင်ပါဘူး..။

ကဲ.. ထားရင်လည်းရှင်
သတ်ရင်လည်း ကြိုးစင်ပေါ့
စေတန်.မာရ်နတ်.နတ်ဆိုး..
''ငါတို့အိပ်မက်
ဘယ်တော့ရှင်သန်ခွင့်ပေးမလဲ..။''

                                             စည်သူ


**အခုတွေ့ရတဲ့ပုံဟာ Clive Hicks-Jenkins ရဲ့ပုံကို ခွင့်မတောင်းပဲယူသုံးထားတာဖြစ်ပါတယ်..။
**http://clivehicksjenkins.wordpress.com/category/mari-lwyd/

ရင်ထဲကငလျင်



တစ်ချိန်က အမှတ်တရ
အမှတ်တမဲ့ပါတဲ့..
ရက်ရက်စက်စက်ပဲ
မေ့သွားတော့ ကျန်ခဲ့သူ
ရင်ခွင်ကိုအပူတွေဆင့်
အလင်းမဲ့ညတွေ
တိတ်တိတ်လေးဖြတ်သန်း
ဝင်ရိုးစွန်းတောင်ရောက်ခဲ့
မွှေးမြပါးပြင်
အနမ်းမဲ့ရက်လွန်နှုတ်ခမ်း
ရှိုက်သံမဲ့ ငိုကျွေးခြင်းများ
ဘယ်သူမှမသိကြစေ..။

ကြယ်တာရာအဖော်ပြု
အမိုက်မှောင်ခွင်း
နှစ်ယောက်အတူကြည့်ဖူးတဲ့
လမင်းနင့်ကိုမြင်ရင်
ငါ့ရင်မှာဆို့နင့်
ညညဆိုမနာလို
အခါခါကို ဖြစ်မိတယ်..။

သတင်းမှာမပါ
လူအများမသိခဲ့
အပြင်းထန်ဆုံးငလျင်
နှလုံးသားရင်ပြင်ဗဟိုပြု
တစ်ကိုယ်လုံးအဖျားခတ်သွားတယ်..။

လူဆိုတဲ့တစ်ပင်လုံး
နှလုံးသားသစ်သီး
တစ်သက်မှာတစ်ခါ
တစ်ခုသာသီးပါသတဲ့။

ကောင်မလေးရေ
နင်ကြွေအောင်စေရင်တော့
ငါသေရမှာပေါ့..။

                             စည်သူ

31.1.2010

ခရီးသွားမြစ်

မြတ်နိုးမိတဲ့ပန်း
ခေါက်ရမ်းဖြစ်နေရင်တောင်
နမ်းရမှာပေါ့အချစ်ရယ်..။

အနေဝေးတော့
အဆွေးစိတ်ပို
ယောက်ျားမို့ မငိုပါဘူး။

ဆုံခဲ့တဲ့ နေ့တွေ
တမြေ့မြေ့အမှတ်ရ
တစ်နေ့မှမေ့မရဘူးကွယ်.။

ငြင်သာလေပြေနဲ့
နှင်းဆီတွေ ဝေတဲ့နေ့
အနမ်းပွင့်တွေချွေချဖို့
ကိုယ်ပြန် စီးဆင်းခဲ့ပါ့မယ်..။

19.12.2010

**ခံစားချက်နဲ့ ဒီကဗျာလေးကို စပ်ပြီးလို့ တစ်နှစ်နီးပါးအကြာမှာ အောက်က ကဗျာကိုစပ်လိုက်ရပါတော့တယ်..။

မြတ်နိုးပေမယ့်
အစိုးမရ..
မပိုင်သေးတဲ့ပန်း
(ငါ့မှာ..) နမ်းတောင်မနမ်းရက်ဘူး..
တစ်ခုသောမနက်..
နှလုံးသားကို ရက်စက်ခြင်း
ဌာနီကပန်းလေး
အချိန်တောင်မတန်သေးခင်
နီးသူက ခြွေယူသွားသတဲ့..။

                                    စည်သူ

                                16.11.2011

ကမ်းပျောက်ခြင်းတဲ့လား

ငါတို့ရဲ့အချိန်
ငါတို့ရဲ့မျှော်လင့်ချက်
လက်တစ်ကမ်းလို့ ထင်နေမြင်နေချိန်
ငါဝမ်းသာလုံးတွေ ဒီဂရီမြင့်လာခိုက်
ညင်သာတဲ့လက်တစ်ဖက်
ငါ့ပုခုံးကိုအထိ
ရင်နင့်ရှိုက်သံမတိုးမကျယ်
အနက်ရှိုင်းဆုံး နှလုံးသားထဲက
ထွက်လာတဲ့အသံရယ်လေ ..၊
''အိပ်မက်ပါသားရယ်'' တဲ့..။

ဒါဆို.. ဇာတ်မျော ကမ်းမမြင်ထဲက
ဒုက္ခသည်တွေ ကယ်ရာမဲ့ကြရှာပြီပေါ့..၊
ကျွန်တော်ငိုပြီ..
မျက်ရည် (တစ်စက်မှ) မထွက်ဘူး..။

ဘ၀တူတွေရော..
(အို..) အသက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ပေါ့..။

သိခြင်းဟာ ဆင်းရဲတဲ့လောကငရဲတဲ့လေ..၊
ငါတို့သိကြတာကိုး..
(အရာရာကိုမဟုတ်တောင်)
လက်ရှိဘ၀ကို ငါတို့ သိကြတာကိုး..

သေချင်တယ်..
လူ့လောကထဲက ထွက်သွားလိုက်ချင်တယ်..
ကျောပူတာခံနိုင်သတဲ့..
ရင်ပူလောင်တာရော.. ခံနိုင်ကြသတဲ့လား..။

သိသူတွေရင်ပူကြ
ခံစားချက်တွေ
ရေထဲမှာပဲ ဖောက်ခွဲ ပစ်လိုက်ကြ.။

နောက်ဆုံး  ဒုံရင်းကိုပြန်စုန်ဆင်း
အဆိုးထဲက အကောင်းကိုနှိုက်ရှာကြည့်လိုက်တော့
(ဟော..) ဘ၀ခါးခါးတစ်ခွက်
Okay .. ဘယ်လိုပဲဖြစ်ဖြစ် ရှိစေတော့
ကျွန်တော်ကြိုက်ပါတယ်..။

                                                စည်သူ

**၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက ခံစားချက်လေးပါ.. 

    10 Nov, 2010



အိပ်ပျော်နေသောသားကြီး

မနှိုးပါနှင့်
နှစ်နှစ်ခြိုက်ခြိုက်
အိပ်စက်ခြင်းကို သိမ်းပိုက်ထားသူ

သောကဒဏ်ရာ
စိတ်ဖိစီးမှုဝေဒနာ
ဝတ္တရားတို့ပြည့်နှက်ရာ
သူ့ဝန်းကျင်လေးမှ
တဒင်္ဂ လွတ်မြောက်ဖို့အတွက်

လွတ်လွတ်လပ်လပ်
သူ အိပ်စက်နေပါစေ..။

အသွေးစုံရောင်စဉ်
အသံတိတ်နားလည်ခြင်း
သင်္ကေတ အရှုပ်အထွေးအလယ်
စီးဆင်းမျောလွင့်နေရှာ
(အိုကွာ..) ရပ်ချင်ရင် နိုးလိုက်ယုံပေါ့..။

စက္ကူဖြူ နေရောင်မိုး
အိပ်မက်အိုးပွေ့ပိုက်
အကြိုက်တွေ့ပေမယ့် မမိုက်ရဲဘူး..။

အရှေ့ဆုံးမှလမ်းခင်း
အဆိုးတွေ့ရင်နာကျင်
အကောင်းတွေ့ရင်ခံစား
(ဒါပေမယ့်) သူမှားလို့တော့မရဘူး..။

ဦးဆောင်ပျံ ကြိုးကြာကြီး..
ခက်လက်စုံလင်သစ်ညောင်ပင်ကြီး
ဝိသေသအပြားပြားနဲ့
ထီးထီးမားမား.. အားလုံးရဲ့ အားကိုးရာ..
(သူဟာ..) အကြီးဆုံးသားဖြစ်တယ်..။

                                      စည်သူ

                                     22.7.2010

မပြဋ္ဌာန်းခဲ့သော ဘာသာရပ်

မျက်စောင်းတစ်ချက်အ၀င့် 
ရင်ထဲ ဆင့်ကဲ ဆင့်ကဲ
လှလှပပ ညှို့ငင်ဆွဲလို့

နှလုံးသား ပြိုဆင်းရရှာ
ကမ္ဘာတောင်ကျော်လောက်ရဲ့
တတ်လည်းတတ်နိုင်ပါ့..
ဘယ်တက္ကသိုလ် သင်ရိုးပါလိမ့်

ကမ္ဘာကိုဇောက်ထိုးဆွဲ
သံမဏိတောင်အရည်ပျော်
သမိုင်းပြောင်းသွားခဲ့ဖြစ်စဉ်များ
ဒီပညာတွေပဲပေါ့..။
         

ကျွမ်းလောင်ခြင်း




 နင်နဲ့ပတ်သက်ခဲ့သမျှ
ငါ..
တစ်ခုချင်း 
မီးရှို့ပစ်ခဲ့တယ်..။

အားလုံး ပြီးသွားချိန်မှာ
ငါ့နှလုံးသား 
ပြာဖြစ်နေပြီလေ..။

အိပ်ပျော်သွားတဲ့ည

အမုန်းတရား
ဖုံးလွှမ်းထားတဲ့ငါ့ကမ္ဘာ..

အတ္တ မာနတွေနဲ့
ပူလောင်လွန်းလှရဲ့

ကရုဏာရှေ့ထား
မုဒိတာပွားလိုက်တော့
(ဟော..) ငါအိပ်ပျော်သွားတယ်..။

ပျောက်ဆုံးသွားသောအချစ်

တုန့်ပြန်မှုက
ထင်မထားတဲ့ထောင့်ချိုးက
ထင်မထားတဲ့ပုံစံနဲ့..။

ထားခဲ့တဲ့မျှော်လင့်ခြင်းအတွက်
ပေးဆပ်ခဲ့ရတဲ့အချိန်တွေ..
အစားတစ်လုတ်အတွက်
အသက်ပေးခဲ့ရသူလို
မတန်ဘူး..။

ဆိုလိုရင်း.. ရည်ရွယ်ချက်
ပစ်မှတ်ကဘာလဲ..။
သံစဉ်တွေအက်ကွဲ
ရင်ဘတ်တစ်ခုလုံးလည်း
စည်ကြီးလိုမြည်ဟည်းနေရဲ့..။

ဒီနေ့ည ကောင်းကင်မှာ.
ကြယ်တစ်လုံးမှ မတွေ့ဘူး
မည်းမှောင်လို့..။

အဲမှာပေါ့ကွယ်တို့
ငါ့အိပ်မက်.. ကျပျောက်ခဲ့တာ..။

                                    စည်သူ

                                    5.10.2011

မှန်သလားမှားသလား

 

ဟိုဖက်သည်ဖက်
အချက်ကျကျ
အမှန်ကိုဖက်တွယ်ထား
နှစ်ဦးနှစ်ဖက်ကြား
အမှားကိုရှာမရ..။
 

သူပဲမှားတာလား..
ငါပဲမှားလို့လား..။
အမှားနှစ်ခုဆို
အမှန်ဖြစ်သတဲ့..။
 

မှန်နေပါလျက်..မှားသွားခဲ့တာတွေ..၊
မမှားပါပဲ..မှားခဲ့ရတာတွေ..။
 

ခေတ်အဆက်ဆက်
ဥပဒေတောင်မပြဌာန်းနိုင်
အမှန်ကိုဆုပ်ကိုင်ထားတဲ့တိုက်ပွဲတွေ..။
 

(ကဲ..)..
အမေရောယုံမှာလား..
ကျွန်တော်မမှားခဲ့ဘူးဆိုတာ..။


                         စည်သူ
                         19.6.2011

ဆွံ့အခဲ့ရခြင်း

ကားလမ်းမပေါ် 
စကားလုံးတွေ ပစ်ကျသွားတယ်..

မြင်လိုက်ရတာ..
မျှော်လင့်ချက်မဲ့နေတဲ့
မျက်ဝန်းတစ်စုံ..
အပူအပင်မသိတဲ့
ကလေးနှစ်ယောက်
သူတို့မျက်လုံးတွေရော
(တစ်နေ့)
အသက်ကင်းမဲ့သွားကြမလား..

ငါ..ခေတ္တဆွံ့အ..
ငါ..ေခတၱေမာလ်..
ငါ..ေခတၱအသက္ရွဴရပ္သြား..

စကားလုံးတွေ..
ဦးနှောက်ထဲ ပြန်ကဆုန်ပေါက်..
သူတို့တွေကို သနားမိ
ကိုယ့်ကိုယ်ကိုယ်လည်း သနားလာ..

ငါ..ထပ်ပြီး
ဆွံ့အသွားပြန်တယ်..။

25.10.2012


ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။