Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, July 31, 2013

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တစ်ချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ကလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတစ်ယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တစ်ခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

ဌေးအောင်


( မ၀င်းမော်ဦး - ၁၆နှစ် ၊၁၉.၉.၁၉၈၈ ၊ ည ၇း၃၅တွင် ကျဆုံး )

မျှော်




မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။

ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။

တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။

တာရာမင်းဝေ


အောက်ကလင့်ကနေယူထားတာပါ။
Original Link►https://www.facebook.com/ahmay61

Wednesday, July 17, 2013

စက္ကူမျက်နှာဖုံး

-၀ါသနာဟာ
စီးပွားရေးဆန်လာတဲ့အခါ..
တစ်သက်လုံးထိန်းလာတဲ့
မာနနဲ့သိက္ခာတရားဟာ
ရေထိတဲ့စက္ကူမျက်နှာဖုံးလို
ကွာကျသွားတယ်..။

-ရေမရှိတဲ့ငါးလို
ဘ၀လည်း အဓိပ္ပာယ်မရှိတော့ဘူး..။

-အမေ့ရဲ့အိမ်လခ
ညီလေးရဲ့ကျူရှင်ဖိုး
အကြွေးရှင်တွေလာတဲ့အခါ
အရှက်သည်းတဲ့ ကျွန်တော့်ညီမလေး
အပျိုဖြစ်နေပြီ..။

-နီတိ၊ အဆုံးအမနဲ့သစ္စာတရား
စာအုပ်တွေထဲချန်ခဲ့ရင်း
တစ်ခါတစ်လေ
ကိုယ့်နှလုံးသားကိုယ်ချနင်း
မပြောဘူးတဲ့စကားတွေ
မလုပ်ဘူးတဲ့အလုပ်တွေ
ဒီလိုနဲ့..
စာမျက်နှာတွေ
တစ်ရွက်ပြီးတစ်ရွက်လှန်သွား
ရင့်ကျက်လာတာလား
ဟန်ဆောင်ကောင်းလာတာလား..။

-အမုန်းတရားတွေနဲ့ဟန်လုပ်ပြုံးပြ
ရင်ထဲမှာနာလာတယ်..
အမှန်တရားတွေလား..
အမှားတရားတွေလား..
..........................
..........................
ကျေးဇူးပြု၍
ဒီကဗျာကို အဆုံးသတ်ခွင့်ပေးပါ..။

►စည်သူ
၁၇ ဇူလိုင် ၀၃

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။