Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, November 29, 2014

ပယင်းရောင်ကိုက်ခဲခြင်း



--

စနေနေ့ညရဲ့
ပယင်းရောင်ကိုက်ခဲမှုထဲ
ငါ...
မြစ်တစ်စင်းနဲ့အတူမျောပါခဲ့..။

လူသားသိပ်ဆန်လွန်းသွားခဲ့သလား..
အရိပ်တွေဝိုးတ၀ါး
အချိန်မသိ..
နာရီမရှိ..
ကာရံမငြိတဲ့အသံတွေ..
ဟိုး.. ရင်ဘတ်
အနက်ရှိုင်းဆုံးထဲ
(အခုထိ) ရိုက်ခတ်နေတုန်း..။

တရှိုက်မက်မက်
ရင်ထဲမှာလှိုက်ခနဲ
ငါ.. ခံစားလိုက်ရသလား.
အဖြေတစ်ခု ဆုပ်ကိုင်ဖို့ကြိုးစားရင်း..
တစ်ခါတစ်လေ
မသိစိတ်နဲ့သိလိုက်ရ
တစ်ခါတစ်လေ
နှလုံးသားနဲ့ခံစားလိုက်ရ..။

သွားတွေတင်းတင်းစေ့ပြီး
ခပ်လေးလေး
ရေရွတ်လိုက်တဲ့ စကားသံတစ်ချို့
ဒါ.. ဘ၀ပဲတဲ့..။

ကဲ..
အစိမ်းရောင်လေးရေ..
ဖန်တရာထေနေတဲ့
စကားလေးတစ်ချို့ပဲပြန်ပြောပါ..။

နှလုံးသားဗလာနဲ့
အိမ်ပြန်မယ့်ကောင်အတွက်
အိပ်မက်တစ်ချို့
တစ်ညတာ လှသွားဖို့ပါ..။

စည်သူ

၂၉.၁၁.၂၀၁၄

Tuesday, February 11, 2014

• ခေးအော့သီဝရီ •

- နင်က..
မျက်တောင်လေးတစ်ချက် ခတ်လိုက်ရုံပါ
ငါ့မှာတော့ ကမ္ဘာပျက်သွားတယ်..။

ခေးအော့သီဝရီဆန်ဆန်
တန်ပြန်သက်ရောက်မှုပြင်းလွန်း
နူးညံ့စွာရက်စက်လွန်းသူ
မျက်ဝန်းတောင်ပံတစ်ချက်
မြန်မြန်ခတ်လိုက်စမ်းပါ ..

အချိန်ယန္တရားနဲ့အတူ
ဒီကာလကြီးက
လွန်မြောက်သွားရအောင်..။

စည်သူ

၁၁၊ ၂၊ ၁၄

Wednesday, January 22, 2014

ငိုနေတဲ့ဘီလူး

မင်းကောင်းဖို့
ငါဆိုးပေးပါ့မယ်..
ဒီဇာတ်မှာ ငါကဗီလိန်။

မင်းကိုသနားကြ..
မင်းကိုချစ်ကြ..
မင်းအတွက် လက်ခုပ်တွေတီးကြ..

ငါက..
စင်ထောင့်က အမှောင်ထဲမှာပါ..
ငါငိုနေတယ်၊
ဘီလူးမျက်နှာဖုံးနောက်က
ငါ့မျက်ရည်..
ဘယ်သူသနားမှာလဲ..

ငါ့တစ်သက်လုံး
မမေ့နိုင်တော့မယ့်
ဒီအကြည့်တွေ၊
ဒီအပြောတွေနဲ့
ငါ့နှလုံးသားကို
ဝိုင်းပြီးနင်းချေကြ..

ဇာတ်သိမ်းလို့ မင်းမသတ်ခင်က
ငါသေခဲ့ပြီးသားပါ..။

ငိုမနေပါနဲ့..
အဲဒီမျက်ရည်တွေ
ဓားဦးချွန်ချွန်နဲ့ထိုးသလို
ငါ့ရင်ဘတ်မှာနာတယ်..။

နောက်ဆုံး..
ဘီလူးတစ်ကောင်အတွက်
လက်ခုပ်သံမရှိဘူးဆိုတာ
ကိုယ်တိုင်သိလိုက်ရ၊

တစ်ချိန်တည်းမှာပဲ
သင်းတို့လက်ချက်နဲ့
ငါ့နှလုံးသားခမျာ
သွေးစိမ်းရှင်ရှင်တွေစီးကျလို့ ..။

စည်သူ
၁၀၊ ၁၊ ၂၀၁၄


see my facebook ◄ https://www.facebook.com/bohemiansithu

Saturday, January 4, 2014

အိပ်စက်ပါရစေ

- တိတ်တဆိတ်.. တိတ်တိတ်လေးနဲ့
ကိုယ့်အတွေးကိုယ်ပြန်မျို
ကိုယ့်အိပ်မက်ထဲ
ကိုယ်ဟာဘုရင်ဖြစ်နေတော့တယ်..။

- ဆန္ဒတွေဟာ
ကိုယ့်ရင်ဘတ်ထဲ.. လင်းလို့
အေးခနဲ.. နွေးခနဲ.. သိမ့်ခနဲ..

- အပြုံးခါးခါး၊ အမုန်းချိုချို
ရက်စက်ခြင်းအမှန်တရား
လူတိုင်းလက်ခံထားတဲ့အမှားတွေကြာ

- ယုံကြည်ခြင်း သံသယဓားစာခံခမျာ
အပိုစေတနာတွေနဲ့
အပ်ကြောင်းထပ်ကျေးဇူးတွေ
ရင်နင့်လွန်းနေလို့
ဒီညအတွက်
ဝေဒနာတစ်ခွက်ဆိုလုံလောက်ပြီ..
မနက်ဖြန်
မြွေထက်ဆိုးတဲ့အပြုံးတွေကိုရင်ဆိုင်ဖို့
ရဲရင့်ရဦးမယ်..။

 

စည်သူ

ဇန်န၀ါရီ၊ ၂၀၁၄
 





ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။