
တစ်ခါတစ်လေတောင်မှ
ကိုယ့်အရိပ်ကိုယ်
ယောင်ယမ်းပြန်နင်းသူ
မဖြစ်လိုဘူး..။
ပစ္စက္ခမှာ..
ရောထွေးနေတဲ့
နိမိတ်ပုံတွေဆွဲယူ
အရိပ်ကန့်လန့်ကာမည်းတွေဆွဲချ
နစ်မွန်းနေသူဟာ
ကိုယ်ဖြစ်တော့တယ်..။
ဇာတ်မပေါင်းခင်
ခြောက်အိပ်မက်တွေနဲ့
အလန့်တကြားနိုးရ
တစ်ခါတစ်လေများ..
ကိုယ်တောင်မဖြစ်ချင်တော့တဲ့
ကိုယ်ပါကွယ်..။
ဘီလူးနှိမ်နင်းသူက
ဘီလူးဖြစ်..
အာဏာရှင်ဆန့်ကျင်သူက
အာဏာရှင်ပြန်ဖြစ်..
ကိုယ်လည်း
အစွန်းရောက်တွေကိုမုန်းရင်း
အစွန်းရောက်ဖြစ်..
အိပ်ယာဝင်ချိန်ကို
အရုဏ်ဦးလို့မှတ်ထင်
အဲဒါ..
ကိုယ့်ရဲ့ဘ၀ပါကွယ်..။
ထပ်တလဲလဲအမှားတွေက
အမှန်တွေဖြစ်..
တရားသောဓားမှာ
မျက်ရည်သွေးတွေပေစွန်း
အမိဝမ်းမကျွတ်ခင်ကတည်းက
စတေးခံရ
ပွင့်ငုံစမှာ ပွင့်ဖတ်ချွေခံရ..
သားသတ်သမားစကားက
တရားဖြစ်လာ..
နောက်ဆုံး.. ကိုယ်ဟာ
မိုးခါးရေသောက်သူတွေ
ကင်ပွန်းတပ်ကြတဲ့
အရူးတစ်ယောက်ပါပဲကွယ်..။
စည်သူ
၁၀-၁-၂၀၁၅